ဆောက်လုပ်ရေးပစ္စည်းများအား မိုးရာသီတွင် စနစ်တကျ သိုလှောင်ထိန်းသိမ်းနည်း
မိုးရာသီအတွက် ဆောက်လုပ်ရေးပစ္စည်းများ သိုလှောင်နည်းလမ်းများ
၁. ဘိလပ်မြေ (Cement) ကို ရေငွေ့လွတ်ကင်းအောင် ထားရှိခြင်း
ဘိလပ်မြေသည် စိုထိုင်းဆနှင့် ထိတွေ့ပါက ခဲသွားတတ်သဖြင့် အထူးဂရုစိုက်ရန် လိုအပ်သည်။
ကြမ်းပြင်နှင့် အကွာ: ဘိလပ်မြေအိတ်များကို မြေပြင်ပေါ် တိုက်ရိုက်မချဘဲ သစ်သားပလပ်ဖောင်း (Pallets) များပေါ်တွင် အနည်းဆုံး မြေပြင်မှ ၆ လက်မခန့် မြှင့်၍ တင်ထားပါ။
နံရံနှင့် အကွာ: အိတ်များကို နံရံနှင့် ကပ်မထားပါနှင့်။ နံရံမှ အနည်းဆုံး ၁ ပေခန့် ခွာထားခြင်းဖြင့် နံရံမှလာသော ရေငွေ့များကို ကာကွယ်နိုင်ပါသည်။
အလုံပိတ်စနစ်: မိုးကာစ (Tarpaulin) အထူများဖြင့် သေသေချာချာ အုပ်ထားပါ။
၂. သံချောင်းနှင့် သံထည်ပစ္စည်းများ (Steel & Rebar)
သံချောင်းများ မိုးရေထိပါက သံချေးတက်ပြီး ကွန်ကရစ်နှင့် ကပ်ငြိအား (Bonding) လျော့နည်းသွားစေနိုင်သည်။
မြေကြီးနှင့် မထိတွေ့စေရန်: သံချောင်းများကို မြေကြီးပေါ်တွင် တိုက်ရိုက်မပုံပါနှင့်။ မြေကြီးရှိ အစိုဓာတ်ကြောင့် သံချေးမြန်မြန်တက်နိုင်ပါသည်။
အမိုးအောက်တွင် ထားရွိခြင်း: ဖြစ်နိုင်ပါက ယာယီအမိုးအကာအောက်တွင် ထားပါ။ မရပါက ပလတ်စတစ်မိုးကာများဖြင့် လုံအောင်ဖုံးအုပ်ထားပါ။
၃. သစ်သားနှင့် အချောထည်ပစ္စည်းများ
သစ်သား၊ ဂျစ်ပဆမ်ဘုတ် (Gypsum Board) နှင့် ပါကေးများမှာ စိုထိုင်းဆကြောင့် ပုံပျက်ခြင်း၊ မှိုတက်ခြင်းများ ဖြစ်တတ်သည်။
လေဝင်လေထွက်: ပစ္စည်းများကို မိုးကာအုပ်ထားသော်လည်း လေဝင်လေထွက်ရှိစေရန် ဂရုစိုက်ပါ။ လေဝင်လေထွက်မရှိပါက အပူအောင်းပြီး မှိုတက်နိုင်ပါသည်။
အဆင့်လိုက် စီထားခြင်း: အချပ်လိုက်လာသော ပစ္စည်းများကို ပြားပြားညီညီ စီထားခြင်းဖြင့် ကွေးကောက်သွားခြင်းမှ ကာကွယ်နိုင်ပါတော့သည်။
သတိပြုရန် အချက်များ
ရေဝပ်ခြင်း ရှိ/မရှိ စစ်ဆေးပါ: ပစ္စည်းသိုလှောင်ရုံပတ်ပတ်လည်တွင် ရေနုတ်မြောင်းများ ဖောက်ထားပြီး ရေဝပ်ခြင်း မရှိအောင် ပြုလုပ်ပါ။
ပစ္စည်းအဝင်အထွက်: "အရင်ဝင် အရင်သုံး" (First-in, First-out) စနစ်ကို သုံးပါ။ မိုးမကျမီကတည်းက ရောက်ရှိနေသော ပစ္စည်းများကို အရင်ဆုံး ကုန်အောင် သုံးစွဲသင့်ပါသည်။